Sunday, July 19, 2009

သစ္စာမရှိသည့်ခေတ်


ပိတောက်ကယ်ရွှေဥ
ပင်ယံထက်မှာ ပွင့်ကြ၏
တန်ခူးလမှာ ပွင့်သည့်ပန်း........။

ပုထုဇဉ်လူသားတွေမှာ
တစ်သက်မှာ တစ်ယောက်
တစ်မျက်နှာ တစ်ယောက်ကယ်လို့
မာကျောတဲ့သီအိုရီနဲ့ ပွင့်ခဲ့၏.......။

ပိတောက်ကယ်ရွှေဥ
အသစ်ဆန်းပြီး
ဝါဆိုလမှာလည်း ပွင့်ကြ၏.......။

ပုထုဇဉ်လူသားတွေမှာ
ဖော်မြူလာသစ်သုံးပြီး
တစ်သက်မှာ တစ်ယောက်လွဲလျှင်
တစ်မျက်နှာတစ်ယောက် ပြောင်းကယ်လို့
နိယာမသစ်ကို တွေ့ခဲ့လို့
မာကျောတဲ့သီအိုရီ ပျောက်ခဲ့၏.........။

ယနေ့ခေတ် ယနေ့ခါမှာ
ပိတောက်သည် သစ္စာမရှိ
လူသားလည်း ဂတိမတည်ခဲ့တာဟာ
လူကပဲ စခဲ့သည်လား...........။
ပိတောက်ကပဲ စခဲ့သည်လား...........။

ပြယုဂ်


ချစ်သူ.......
မခုံမမင် မယုံချင်သော်
ပုံပြင်တစ်ခု ဆိုပါတော့။

ချောင်းတစ်ဖက်ကမ်း ခပ်လှမ်းလှမ်းတွင်
စိမ့်စမ်းရေကြည် ခွေရစ်လှည်လျှက်
မြညှာယှက်၍ ချိုမြွတ်သီးနှံ
ပေါပြည့်လျှံသည့် တောယံတောအုပ်ရှိသတဲ့.......။

သည်တစ်ဖက်ကမ်း ချောင်းရိုးတန်းမှ
ဖြတ်သန်းကျော်လွှား လူတိုင်းသွားရန်
တံတားနှစ်ခု ရှိတယ်ထား။

တံတားတစ်ခု ထုထည်ခိုင်ခံ့
ကြံ့ကြံ့မားမတ် သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိနေပါ၏။
ကျန်တံတားက ၀ါးတိုင်ယိမ်းနွဲ့
ယိုင်ယဲ့ယဲ့နဲ့ လေသွဲ့တိုင်းခါ
လေလာတိုင်းလှုပ် ပြုတ်ကျမလား
ပြိုမလားနဲ့ ချောက်ချားရင်တုန်စရာပေါ့.......။

လူအများက မြသားစိမ်းစို
တောအုပ်ကိုသွား သစ်တံတားမှ
ကျော်လွှားနေကြ စိတ်ချရ၏...။
ဘာမှခတ်ပုံမပေါ် တံတားအိုမှဖြတ်ကျော်ရလျှင်
ချော်ကျနိုင်ပေ စိတ်မအေးပါ
သွားလိုရာကို ဘယ်မှာလွယ်လွယ်ရောက်မှာလဲ.....။

ကဲ.... ကဲ..... ချစ်သူ
လူတိုင်းမသွား စိတ်ချောက်ခြားသည့်
တံတားအိုမှ ဖြတ်ကျော်ကြရန်
ဆန္ဒလည်းရှိ သတိလည်းဖက်
ယုံကြည်ချက်မြဲ စိတ်အေးအေးနဲ့
မင်းလည်း သွားဝံ့ပါ့မလား.........။

မခုံမမင် မယုံချင်မင်း
ပုံပြင်ပဲထား မင်းစဉ်းစား
တံတားအိုက ကိုယ့်ဘ၀၏
ပြယုဂ်တစ်စ ဆိုပါတော့..........။

မျှော်လင့်သစ်ပင်


သူနမ်းလျှင် ပန်းပွင့်ဖြစ်
သူပစ်တော့ ၀ါရွက်ကြွေ...။
မျှော်လင့်ခြင်းဆိုတဲ့ အပင်အောက်
ခင်လျှောက်ရင်း မြင်စေ...။
ပန်းမပွင့်တဲ့ အခန်းဆက်နွေ
အလွမ်းရွက်တွေ ကြွေနေရဲ့...။

အပင်ရင်းမှာတော့
ခင်နင်းလျှင် ရွက်ကြွေပျောက်
ခင်လျှောက်မှ ရွက်ကြွေစင်
ရက်ရှည်ပင် မညှိုးခြောက်သေးပါဘူး
မိုးပေါက်ကလေးလို ခင်သာနမ်းလျှင်
ပန်းပွင့်ဝေ... မတဲ့။

ရင်ထဲ...နွယ်


အစိမ်းခက်ပေမယ့်
စိမ်းရက်ဖို့တော့လိုပြီကွယ်...
တစ်မျှင်ပြတ်လျှင်လည်း
နှစ်ပင်ပတ်ကာ နှစ်ဆတိုးတာက
အချစ်ကြိုးဆိုတဲ့ ရင်ထဲ နွယ်...
မတွေ့ မတွေးပေမယ့်
မမေ့သေးအောင် ခြေရာဟောင်းတွေက
ဝေဒနာဟောင်း အသစ်တွယ်
ချစ်တယ်ဆိုတာက တစ်သက်လုံး
တမင်လွမ်းစရာ
ရှင်ခန်းဖြတ် အပူမျှသူလို့
ယူဆကာ တစ်သက်နာကြည်းပါတော့
ဆက်စရာခရီးဆိုတာ တစ်ယောက်တစ်လမ်းပေမို့
တစ်ယောက်ပန်းလျှင် တစ်ယောက်ကူ
တစ်ယောက်ပူတော့ တစ်ယောက်မျှ
နှစ်ယောက်တစ်ဘဝ
နှစ်ကိုယ့်တစ်စိတ်အတွေးတွေလည်း
ဟို...အတိတ်အဝေးမှာ အသာချန်တော့
ကြမ္မာတစ်ခန်းရပ်က
(တို့နှစ်ယောက်ကို) လွမ်းဇာတ်နဲ့ဆုံး...

Tuesday, July 14, 2009

ဗူးသီးမှအရီးလာမတော်နဲ့

အမေဆိုတာ


အမေဆိုတာ
သဘာဝကလက်ဆောင်ပေးထားတဲ့
အိုအေစစ်လေးတစ်ခုပါ
သဲကန္တာရထဲမှာ အိုအေစစ်ဟာ
ဘာနဲ့မှမလဲနိုင်အောင်တန်ဖိုးမြင့်သလို
ဘ၀ကန္တာရထဲမှာလည်း
အမေဟာဘာနဲ့မှနှိုင်းလို့မရအောင်
တန်ဖိုးမြင့်ပါတယ်

မေမေ

သားသမီးတွေဘယ်လောက်ဆိုးဆိုး
အပြုံးမပျက်ဆုံးမတတ်တဲ့အမေ
သားသမီးတွေပူစာသမျှကို
လိုတာရအောင်ဖန်ဆင်းပေးခဲ့တဲ့အမေ
တစ်ခုခုအတွက်ဆို
သားသမီးအတွက်ပဲ
အမြဲတမ်းထည့်တွက်ခဲ့တဲ့အမေ
သားသမီးတွေပညာတတ်ဖြစ်ဖို့အတွက်
ရှိတာလေးနဲ့ကျောင်းအပ်ပေးခဲ့တဲ့အမေ
သားသမီးတွေရှေ့ရေးအတွက်
ရတက်မအေးခဲ့တဲ့အမေ
မျှော်လင့်ချက်မပါပဲ
ထာဝရပေးဆက်ခဲ့တဲ့အမေ
သားအဝေးကိုထွက်ခွာသွားတော့လည်း
ပြုံးပြစွာနှုတ်ဆက်လက်ပြလို့ကျန်ခဲ့တဲ့အမေ
အဲဒီနေ့ကသားအမေ့ကိုကန်တော့ပြန်တော့
အမေမျက်ရည်တွေဝဲနေတယ်
အမေ့ရင်ထဲမှာငိုနေတယ်လေ
ဒါပေမဲ့ကျွန်တော့်အတွက်
အပြုံးမပျက်ဟန်ဆောင်ပြုံးပေးခဲ့တဲ့အမေ
အမေ့ကိုသားလည်းသတိရနေပါတယ်အမေ
အမေဟာကျွန်တော့်ဘ၀ရဲ့မီးအိမ်ရှင်ပေါ့
အမေ့ကိုသားအမြဲတမ်းဆုတောင်းပေးနေပါတယ်အမေ
ကျွန်တော်သိပ်ချစ်တဲ့အမေမျက်နှာ
အမြဲတမ်းပြုံးပျော်ရွှင်ပါစေ...

Chatting နှင့်သူ့အဖြစ်


G talk အစ...
သူနဲ့ chat ရ
ကမ္ဘာမှာ အပျော်ဆုံးဘ၀ပါ...မေ
အခြေအနေပေးလို့...
အပြန်အလှန်...အမေးတွေနဲ့
photo တွေဖလှယ်ကြေးနော်...
လုပ်တော့မှ...ရုပ်ကမလာ...
လောကကမ္ဘာမှာ...
ပြောရတာအားနာတယ်...လေ
nice to meet you
ကြိုက်ရင်အခုယူနော်...
နောက်လူဦးရင်တာဝန်မယူဘူး...
Chatting မှာပျော်မြူးသူဘ၀...
အထုပ်အပိုးပါရင်
ရုပ်ဆိုးပါစေ...
မုဆိုးဖိုဖြစ်တောင်မှ...
စဉ်းစားမယ်ဆိုပဲ...
အသက်ကကြီး SE နဲ့ဆိုရင်တော့...
ကျွန်မဘ၀ပျက်စီးပါစေ...
အန်ကယ်ကြီးနဲ့နီးပါစေသား...
cellphone တစ်လုံး internet သုံးပြီး...
မဲလုံးလုံးကျွဲကိုယ်လုံးလူဖြစ်လည်း...
ချစ်မှာပဲဆိုပဲ
နောက်ဆုံးတော့...ငါ
offline ကိုသုံး
အမြန်ဆုံးပိတ်လိုက်ရတယ်...
နောက်ဆုံးသူရိုက်လိုက်တာက...
ကိုကိုရေ...boss...ရောက်လာလို့...တဲ့။

တမ်းတရုံ


မိုးဖျားတိမ်တိုက် ၊ ရေ၌ ထင်ဟပ်
နီးစပ်မည့်သွင် ၊ အထင်သက်သက်
မျက်လှည့်ပါခင် ၊ အစဉ်မမြဲနိုင်ပါဘူး။

ရေထဲကငါး ၊ ကြည့်ပါလားခင်
လွင်တီးခေါင်ပေါ် ၊ မြူးပျော်ကူးခတ်
နေတတ်ပါ့မလား။

စံပယ်ဂမုန်း ၊ ကြည့်ပါဦးခင်
ကုန်းခေါင်မာကျစ် ၊ ကျောက်စရစ်မြေ
ကျောက်ဆစ်ကျောက်ချပ် ၊ မိုးခေါင်ရပ်တွင်
ရှင်နိုင်ပါ့မလား...။
အပျော်သက်သက် ၊ သစ်ရွက်ကိုခြွေ
လေလိုပါပဲ ၊ ဖျတ်ကနဲဝင်
အစဉ်မေ့ပျောက် ၊ ခြေရာဖျောက်မှာ
သိနေပါရဲ့ ၊ အလွှာမတူ
မောင့်လိုလူမျိုး ၊ ရွက်ကြွေညှိုးလို့
လွမ်းမိုးစေရမှာပါပဲ...။

ဪ မိုးဖျားက တိမ်
မငြိမ်လှုပ်ရှား ၊ ပြိုမလားပင်
အထင်နှင့်မှန်း ၊ တမ်းတရုံပါပဲ...။

နေ၀န်ချိန်


တောင်စောင်းမှာမေးတင်
ခပ်ရဲ့ရဲ့ပြုံးပြရင်း
နက်ဖြန်မှ ပြန်တွေ့ကြတာပေါ့တဲ့...
အေးလေ...
နက်ဖြန်ဟာ...
တိမ်ဖုံးတဲ့နေ့မဖြစ်ခဲ့ရင်ပေါ့။
ဒီလိုပါပဲ လူ့ဘဝ
တွေ့ကြဆုံကြ ကြုံကြကွဲကြ
ချစ်ကြမုန်းကြ ပြုံးပြမဲ့ပြ
မျိုးစုံသရုပ်ဆောင်ရင်း
ဟန်ဆောင်မျက်နှာဖုံး
ဟန်ဆောင်အပြုံးတွေနဲ့
ကံမကုန်ရင် ပြန်တွေ့ကြပေါ့...

အချစ်လူကြမ်း


ချစ်သူ
ဟိုစဉ်ကစကား
အခုတော့မေ့ထားခဲ့ပြီလားကွယ်။

ဖြစ်နိုင်ရင်သနား
ရင်တွင်းခံစားပြီး
တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။

ဒီမောင်လူဆန်း
စိတ်ကကြမ်းပေမယ့်
သူ့အသည်းကနုတယ်ကွယ့်...

ရွက်ကြွေတော


မခွဲဘူးနော်
သည်းဦးညှာငယ် ၊ တွယ်တွယ်တာတာ
ဆယ်ကမ္ဘာထိ ၊ အတူရှိချင်။

ယူမိလက်ကမ်း
ချစ်ပန်းတစ်ပွင့် ၊ သက်တမ်းရင့်စေ
ကြွေ...ကြွေမှာစိုး။

မျှော်ကိုးစိုးထိတ်
တိတ်တိတ်ရင်ထင့် ၊ သခင်တင့်ဖို့
ပင်မြင့်ပေါ်ယံ ၊ ပျော်စံစေတော့
ပျော်လေတော့ကွယ်။

ရေရှည်ရည်ရွယ် ၊ ဘ၀နယ်လု
ချွေးစုစို့ကျ ၊ မျက်ရည်စဖြစ်
မျှော်လင့်မြစ်ထဲ ၊ ရွက်သစ်ဝဲကြွေ
ဒဏ်ရာတွေကြောင့်
ကြွေမျက်ရည်သုတ် ၊ ပစ်ဖယ်ထုတ်လည်း
အချစ်ရယ်...
ရင်ထဲမှာလေ...
နွေရက်ရှည်တစ်ပုဒ်နှယ်။

မောင်လှမျိုး(ချဉ်းချောင်းခြံ)

စစ်သူကြီးအလွမ်း


မိုးစက်တွေကြွေ
မြေမှာခပေမဲ့
ခြေရာမပြနိုင်တာက
ရင်ထဲကဒဏ်ရာတွေလေ...
တိမ်ရောင်တွေပြို
လျှပ်ရောင်တွေစိုလို့
ထစ်ချုန်း မစဲအောင်ရွာချပေမယ့်
တမ်းတသူ အပူလွမ်းကို
ရင်အေးအောင် မစွမ်းနိုင်တာ
သိစေချင်တယ်လေ...
လေအဝှေ့မှာ
သင်းပျံ့တဲ့ ပန်းရနံ့တွေ
ဘ၀င်တွေ့အောင်
ရှူရှိုက်ရပေမယ့်
ယစ်မူးစွာ တပ်မက်ခဲ့တဲ့
ချစ်သူရနံ့လေးကိုမမှီ....
လေရယ်...
မင်းသယ်ဆောင်လာတဲ့
စံပယ်ရနံ့လေးလည်း
ငါ့ကိုမဖြားယောင်းနိုင်ဘူးလေ...
အိုကွယ်...
မခံစားရအောင်
မိုးတွေရယ်မရွာ
လေပြည်မှာ ရနံ့မသင်းစေဖို့
တောင်းဆုချွေစိတ်ဆန္ဒ
လိုမှမလိုအပ်တော့တာ
ချစ်သူက... သတိတရရှိရင်ပေါ့လေ...။

မင်းအတွက်


တစ်မြေစီခြားနေတဲ့
နှစ်ဦးသားဘ၀မှာ
မသေချာတဲ့ မနက်ဖြန်တစ်ခုက
မှိန်ပျပျဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်း မီးအိမ်လေးထွန်းပြီး
ငါရှာမိတယ်

ဒီအချိန်မှာ
ငါ့ရဲ့အမြဲတမ်း မိတ်ဆွေကတော့
မျက်ရည်နဲ့ငိုကြွေးခြင်းပေါ့

အထီးကျန်လှတဲ့ ဘ၀မှာ
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လည်း
အကြိမ်ကြိမ် ပြိုလဲခဲ့ရတယ်
ငါ့ရဲ့ အိပ်စက်ခြင်းတွေ သူဖျက်ဆီးလို့
အိပ်ပျက်ညတွေ သူဖန်တီးတယ်

တရေးတမှိတ် အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်း အိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့
အဖော်မဲ့ဘ၀က ငါ့မှာ
အလူးအလဲပေါ့

ရက်စက်စွာ ပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
နှလုံးသားက ပေးတဲ့အင်အား
မင်းကိုချစ်တဲ့ အချစ်များကြောင့်
စမ်းတ၀ါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသော မနက်ဖြန်ကို မျှော်လင့်ရင်း
မင်းအတွက်ငါ ရင်ခုန်နေအုံးမယ်...

Saturday, July 11, 2009

အတိတ်အိပ်မက်


နာကျည်းခြင်းမပါတဲ့
နာကျင်မှုတွေနဲ့အတူ
ငါမင်းကို သတိရမိတယ်။
အတိတ်ကို ပြန်ကြည့်ရင်...
ငါ့ရဲ့ မနက်ခင်းတိုင်းဟာ
မင်းကိုတွေ့ရမဲ့မျှော်လင့်ချက်တွေနဲ့
အားသစ်တွေ ပေးခဲ့တယ်။
တစ်နာရီလောက်ဝေးရင်တောင်
လွမ်းဆွတ်ခြင်း ဗရပွနဲ့
စာလွှာတွေရေးခဲ့တယ်။
အတိတ်က ဖုန်းမြည်တသံတိုင်းဟာလည်း
ချိန်မြန်ခြင်းအတိပြီးလို့ပေါ့။
အတူဆုံချိန်တိုင်းမှာ
နာရီတွေကို ရပ်ထားချင်တဲ့
နှစ်ဦးသား ဆန္ဒ
ထပ်တူထပ်မျှပါပဲ။
အတူလျှောက်ဖူးခဲ့တဲ့
ညနေခင်းတွေမှာ
တိုက်ခက်တဲ့ လေပြေဟာ
အအေးချမ်းဆုံးပဲလား။
အတိတ်က ရေးစပ်ခဲ့တဲ့
မင်းအတွက် ကဗျာတွေမှာ
အသည်းကွဲမှုတွေ မပါခဲ့ဘူး။
တကယ်တော့ ငါဟာ...
လောကကြီးကို ဆန့်ကျင်ပြီး
မင်းကြောင့် အိပ်မက်မက်ခဲ့ရသူပါ။
အတိတ်ကို ရွှေ့ပြောင်းမရနိုင်ပေမယ့်
အတိတ်ဟာတော့ အတိတ်ပါပဲ။
အိပ်မက်လိုကျန်ခဲ့ပါပြီ။
ဒီအချိန်မှာ...
စွဲလမ်းတတ်သူ ငါကတော့
အိပ်မက်ကလေးကို တမ်းတရင်း
ပြောင်းလဲတတ်သူ မင်းအတွက်
တစ်ကိုယ်တည်း ငိုကြွေးနေဦးမယ်။

အမှာ



ကြယ်တွေစုံတဲ့ည
ကောင်းကင်ဆီ မျှော်မှန်းရင်း
အတွေးများ မင်းဆီ ဖြန့်ထားခဲ့...
ဟိုးအဝေးဆီက
အပြာရောင်တောင်တန်းများ ဆစ်ဖက်မှာ
မင်းရှိနေမလား။
လရောင်ရဲ့ ရင်ခွင်က
တောင်တန်းများ အကြား
ဧ၀ရက်ရယ်လို့မခွဲခြားတတ်သလို
မင်းရှိမဲ့အရပ်ကို
မှန်းဆရ ခက်လိုက်တာ။
ဓူဝံကြယ်သည်
မြောက်အရပ်မှာ ရှိပါသည်လို့
ငယ်စဉ်ကလို ရွတ်ဆိုမိတော့လည်း
ကိုယ့်ရဲ့တည်နေရာ
ကိုင်တိုင်မသေချာတဲ့အဖြစ်
မင်းရှိရာကို
ဘယ်လိုမှန်းဆရပါ့
ဘယ်လိုပင်ဖြစ်ဖြစ်
ဘယ်နေရာပဲ ရောက်ရောက်
ဘယ်အရပ်မှာ နေနေ
ကိုယ့်နှလုံးသားက
အကြင်နာစကား
မင်းနှလုံးသားလွင်ပြင်ရပ်ဝန်းဆီ
မှန်းဆ၍...
လေပြည်နှင့်အတူ
အမှာတော်ပါးလိုက်ပြီ။

ညို


ဟိုး...တောင်ထပ်မှာ
မိုးရိပ်ညိုညို့၊ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ၊ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား၊ အိပ်မက်များလို
မေ့သွားနိုင်ရိုး၊ အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ်၊ သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ၊ မိုးသားမည်းညို
ပြိုမည်အုံးအုံး၊ မိုးထစ်ချုန်းပြီ...
နှလုံးသားတောင်ထပ်က အလွမ်းမိုးရိပ်တွေပါ ညို။ ။

မောင်စိန်ဝင်း-ပုတီးကုန်း

ချစ်သူ


မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်

အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။

မောင်စိန်ဝင်း-ပုတီးကုန်း

မသိစိတ်


ဆုံမိတဲ့ မျက်ဝန်း
နုညံ့တဲ့ အပြုံး
နွေးထွေးတဲ့ နှုတ်ခမ်း
ငါ့အသွေးအသားကို ထိုးဖောက်
ငါ့နှလုံးသားကို ဓါးစာခံ
မင်းအပြစ် ကင်းစင်ခြင်းနဲ့
ခါးသီးစွာ မြတ်နိုးရင်း
ငါဟာမင်းရဲ့ ကြိုးဆွဲရာ အရုပ်တစ်ခုပါ
သိစိတ်ကိုဖယ်ရှား မသိစိတ်ကိုဝန်းကျင်
ငါ့ခန္ဓာလည်ပတ် မင်းပဲ့ကိုင်သမျှ
မောင်းခုတ်ဖြတ်သန်း မင်းဟာငါ့ရဲ့
အိပ်မက် ဦးတည်ရာပါ...

ကျွန်တော့်အဖြစ်


ကိုယ့်ချစ်သူအား
ပန်စေချင်၍
နံနက်စောစော
ကိုယ်ခူးဆွတ်သည်...
ဖြူလွလွ စံပယ်ပန်းတွေရယ်
နှင်းတွေနဲ့လေ...

ကိုယ့်ချစ်သူအား
ပန်စေချင်၍
ကြိုးစားကာဖြင့်
ကိုယ်သီကုံးသည်
သုံးကုံးလောက်ဖြင့် ရပေပြီ...

ထိုအချိန်တွင် လမ်းမပေါ်မှ
သံစွာစွာ ပန်းသည်တစ်ယောက်ရယ်က
ဟန်ပါပါ ဟစ်အော်လိုက်ပုံက
"စံပယ်ပန်းတွေ တစ်ဆယ်ဖိုးသုံးကုံးတဲ့"

ကြီးမြတ်သော


အဲ့ဒီ
ပန်းနုရောင် မျက်လုံးလေးကို
ဆုံနိုင်ဖို့လေးတောင်မှ
အသည်းက မနိုင်တော့လေ...

စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ပဲ
နေရောင်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ...

သိစေချင်ပါတယ်
ရင်ထဲက အမြုတေနှလုံးသားမှာ
သူသာ အမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ...

နားလည်စေချင်ပါတယ်
စိတ်ကူးအိပ်မက်တွေရဲ့
တစ်ကိုယ်စာ အချစ်နဲ့လွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ...

မပြောချင်တော့ဘူး
အဲ့ဒီလို
တနုံနုံ အတွင်းကြေနေရတဲ့
ဆွံ့အ နားမကြားနှလုံးသားရဲ့
ကြီးမြတ်သော အချစ်ကို.....

Friday, July 10, 2009

ပျောက်ဆုံးနေတဲ့နိဗ္ဗာန်ဘုံ

အိမ်


ကမ္ဘာမြေမှာ၊ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ်၊ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံလှိုက်ခတ်စေ ဒီချစ်ခြင်းတွေ
အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင်ဝါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ်
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်တွေ စည်းချက်ညီ အတူတူက မယ်
ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ၊နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ
ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်အယောင်တွေမဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့မစ္ဆရိယချည်နှောင်မှုမဲ့
ကံစီရင်ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက်ချစ်တဲ့အိမ် တို့ဆောက်ကြမယ်
ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ၊နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ။

ချစ်တတ်လာပြီ


ဘယ်သူ့ကိုမှ ဂရိုမစိုက်တတ်တဲ့ငါ
မင်းကိုတော့ ဂရိုစိုက်တတ်နေပြီ

ဘယ်သူ့အကြည့်မှ ရင်မခုန်တဲ့ငါ
မင်းအကြည့်ကြောင့် ခြေလှမ်းမှားတတ်ပြီ

ဘယ်သူ့အကြောင်းမှ မတွေးချင်တဲ့ငါ
အိပ်မက်တိုင်းမှာတောင် မင်းစိုးမိုးနေပြီ

အလွမ်းဆိုတာ မသိတဲ့ငါ
မင်းကိုတော့လွမ်းတတ်နေပြီ

အချစ်ဆိုတာ မသိတဲ့ငါ
မင်းကိုတော့ ချစ်တတ်နေပြီ...

အကျင့်ကောင်း

ကျောင်းတက်ရန်လို့ ရည်ရွယ်ကာ
အိမ်ကထွက်လာတာ
ကျောင်းရောက်တော့ကွယ် မတက်ချင်ပါ
လူကနည်းလိုက်တာ
ကျောင်းထဲဝင်ရန် ဟန်ပြင်ကာ
ခြေလှမ်းလှမ်းမလို့ပါ
ထိုချိန်ခါမှ ကြားလိုက်တာ
သူငယ်ချင်းတွေရဲ့ ခေါ်သံပါ
မ၀င်နဲ့တော့ ခုပဲရပ်
ဒီမှာ film လက်မှတ်
ဝမ်းသာအားရ ပြေးလှည့်ကာ
Taxi ငှားလိုက်တာ
Roll call ပြည့်တယ်
ဒီတစ်ရက် ပြေးလိုက်အုံးမယ်ကွဲ့
ဒီလိုနဲ့ကွယ် ပြေးလာတာ
Exam ချိန်သို့ရောက်ပြီကွာ
Exam ချိန်ခါ တန်းထဲမှာ
ဆံလေးစောင်းလိုက်ပါ
တွေ့သမျှသာ ကူးချပါ
ကုန်လုံး OK သွားမှာ
ဆရာမလာရင် ခေါင်းမော့ကာ
သူ့ကိုကြည့်လိုက်ပါ
သူယုံအောင်ကွာ Pen ကိုက်ခါ
နည်းနည်းတွေးပြပါ
လစ်သွားရင်ကွယ် ဆံကိုလှည့်
မြန်မြန်ကူးလိုက်ဟဲ့...

Yamin

ယခင်နှင့်ယခု


ပုံစံ မျက်နှာထားတွေက
မုန်းတီးစရာပဲ

ပြောင်းလဲခဲ့တဲ့ မျက်ဝန်းတွေကတော့
ရင်ထဲကို နစ်ဝင်စေခဲ့တယ်

ခံစားချက်ပြင်းပြတဲ့ ငါ့နှလုံးသားက
အချိန်တွေကို ဖဲ့စားသွားတယ်

ရီဝေေ၀ အတွေးတွေက
စိတ်ဓာတ်ကို ရိုက်ချိုးတယ်

လှည့်စားတတ်သူဘက်ကတော့
အောင်နိုင်သူအပြုံးကို ပိုင်ဆိုင်ရင်း
နောက်တစ်ယောက်နဲ့ပေါ့

ငါ့အတွက်ကတော့
ခံစားချက် ပြင်းရှရှရယ်
ပြန်မရတော့တဲ့ အချိန်တွေရယ်
ရီဝေလွမ်းဆွတ်နေတဲ့ အသဲနှလုံးရယ်
မင်းထားခဲ့တဲ့ နေရာလေးရယ်ပေါ့...

Green

ရင်ခုန်ဘက်သို့

ကောင်မလေးရေ...
အထီးကျန်မှုတွေနဲ့
ပြည့်နှက်နေတဲ့ ငါ့ကို
နွေးထွေးမှုပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်...
တစ်ခုတော့ ငါတောင်းဆိုပါရစေ
အလွမ်းတွေနဲ့ မထားခဲ့ပါနဲ့
မင်းလက်ကလေးကို
ဆုပ်ကိုင်ပြီး
အဝေးကိုငါလှမ်းကြည့်လိုက်တယ်...
ဪ...
ဧဒင်ဥယျာဉ်ကို
ငါမြင်နေရပြီပါလား...

ကောင်လေး

အမလေး ပလုတ်တုတ်


မုသားမပါ လင်္ကာမချောတဲ့
မုသားမသုံး အကြင်နာဆုံးပြီ
ရင်တွင်းစကားသံ
ဖွင့်အန်ရသော်...
အမလေး ပလုတ်တုတ်
ငါ့အသည်းနှလုံးပြုတ်ကျသွားပြီ
အရှိန်လွန်ပြီး...
မင်းရင်ဘက်ထဲသို့...

Jewel

လေလှိုင်းထဲကသံယောဇဉ်


ဖုန်းဇာတ်လမ်းက စခဲ့ပြီ
သံယောဇဉ်တစ်ခု ဖြစ်ခဲ့သည်
အမှတ်မထင် ဖြစ်ခဲ့ပြီ
မင်းက ငါ့ကိုချစ်ခဲ့သည်
ညလုံးပေါက်အောင် ပြောခဲ့ပြီ
အိပ်ရေးတွေလည်း ပျက်ခဲ့သည်
ငါလည်းမင်းကို ချစ်ခဲ့ပြီ
ရင်ခုန်သံတွေ နီးခဲ့သည်
အခုတော့...
တို့တွေ ဝေးခဲ့ပြီ
မင်းက ငါ့ကိုထားခဲ့သည်
ငါလေတစ်ယောက်တည်း ကျန်ခဲ့ပြီ
ငါ့ကမ္ဘာလည်း ပျက်ခဲ့သည်
ဖုန်းဇာတ်လမ်းလည်း ပြီးခဲ့ပြီ
ငါလည်း နောက်တစ်ယောက် ရခဲ့သည်
ဒါပေမဲ့လည်း မေ့မရပြီ...

You and Me

ကဗျာကသာ
စိတ်ကို မှန်းဆမိနိုင်မယ်ဆိုရင်
ငါ့စိတ်ကို မင်းသိနေရောပေါ့

နှုတ်ခမ်းပါးက ထွက်လာတဲ့
စကားတွေကသာ
စိတ်ရဲ့တံခါးပေါက်ဆိုရင်
ငါ့ရင်ထဲ မင်းပုံရိပ်တွေကို
မြင်နေရာရောပေါ့

မျက်လုံးဆိုတာ
နှလုံးသားရဲ့အချက်ပြချက်ဆိုရင်
မင်းအတွက် အကြိမ်ကြိမ်
မီးလင်းခဲ့ပြီပေါ့...

အတိတ်သို့


အလွမ်းတွေနဲ့ အခန်းဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ
အနမ်းတွေကလည်းက တစ်ကဏ္ဏအနေနဲ့ပါဝင်နေခဲ့တယ်
ကြည်နူးစရာပုံရိပ်တွေ သက်တမ်းရင့်လို့
အလွမ်းသွင်ပြောင်းအောင်
တိုက်စားခဲ့တဲ့အချိန်ကြောင့်
နာရီကိုတောင် ခဏခဏ မကြည့်မိတော့ဘူး
အဆုံးသတ်ကိုသိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေမယ့်
ပြောင်းလဲခဲ့လေမလား မျှော်လင့်ချက်နဲ့
ကံဇာတ်ဆရာကို စိန်ခေါ်မိခဲ့သေးတယ်
ဆုံဆည်းခဲ့ရခြင်းက ရေစက် ရယ်လို့ဆိုခဲ့ရင်
ကောင်မလေးရယ် အကြောင်းပြချက်မရှိဘဲ
လွမ်းနေရအောင်
လူတွေက ခွဲခွာခြင်းဆိုတာကို
အမည်နာမ မတပ်ခဲ့လေရော့သလား.....

ကြယ်စင်သန့်

ဒဏ်ရာအစစ်နဲ့ငါ

မြင်ကွင်းမဲ့မျက်ဝန်းကို
မိုးခါးရေတွေဖိတ်စင်တဲ့အခါ
မနေသာတဲ့အသိစိတ်က
အာရုံကျကျအချက်ပြတယ်
ငါ...မျက်လုံးကန်းနေပြီ

ကံဆိုးမသွားရာမိုးလိုက်ရွာ
ကြမ္မာဖန်ဆိုတဲ့ယတြာတွေ
ကိုယ်တိုင်ပူဗျာဘွေဖြစ်
ရေနစ်သူကိုဝါးကူရာတွေဆင့်ဆင့်ထိုး
ငါ...နံရိုးကျိုးပြန်ပြီ

မို့မောက်မောက်တောင်တန်းလောက်ကြီး
အနှောင့်မီးတွေ တရှိန်ငြီးလို့
တစ်ကိုယ်တည်း(ထီး)ရင်ကိုဗဟိုပြု
သေမင်းက ညုတုတုနဲ့
ငါ...လောင်ကျွမ်းလုပါပြီ

မစိုတစို မျက်နှာဖုံးတချို့
အလိုလိုသွေ့ခြောက်ကွာကျ
ငါ့မာနတွေအမှောင်ဖုံး
လောကကိုပြုံးပြီးနှုတ်ဆက်
ငါ...သေဆုံးသွားပါပြီ...

Carton Hein

UFL သို့တမ်းချင်း


YUFL သို့ဝင်ရောက်ခဲ့တယ်
ကံ့ကော်ရနံ့တွေလည်း မွှေးလို့ပေါ့
Canteen လေးတွေကလည်းပြုံးပြနှုတ်ဆက်တယ်
LRC ကျောင်းဆောင်ကြီးမှာ ပျော်ရွှင်စွာပညာတွေသင်ခဲ့တယ်
NB ကျောင်းဆောင်ကြီးကိုလည်း ကြိုးကြိုးစားစားတက်လှမ်းခဲ့ရတယ်
မမြင်နိုင်တဲ့ လှိုင်းတွေကလည်းရင်ထဲမှာမွှေနှောက်ခဲ့ပြန်တယ်
ဆရာတွေရဲ့ အေးမြတဲ့မေတ္တာတွေ
မထင်မှတ်တဲ့ဖြစ်ရပ်တွေနဲ့ မယုံနိုင်လောက်အောင်
ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့သံယောဇဉ်တွေ
အထပ်ထပ်ရစ်ပတ်နေချိန်မှာ
ကျောင်းတော်ကြီးကပြောတယ်
အချိန်တန်ပြီ ပြန်တော့တဲ့
တွေ့-ဆုံ-ကြုံ-ကွဲ ဖြစ်ရပ်မြဲ ဓမ္မတာမို့
ခွဲရတော့မယ်ကျောင်းတော်ကြီးရေ...

ချယ်ရီနန်းကတက္ကသိုလ်




တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာနေခဲ့စဉ်က
မနက်ဆို PT ပြေး
ပီဘိကလေးတွေလို
စီနီယာတွေကြောင့် ဖြောင့်မတ်
ဂါဒီယမ်စောင့်ကြပ်ထား
လူလားမြောက်ခဲ့ရတာ မှတ်မိပါသေး
"ဘယ်ညာ ဘယ်ညာ"နဲ့
တွယ်တာခဲ့ရတဲ့ စစ်ရေးပြကွင်းကြီး
"ဟုတ် မဟုတ်"နဲ့
အလုပ်ရှုပ်ခဲ့ရတဲ့ ဘ၀တွေမှတ်မိပါသေး
လမ်းမညီမညာမှာ စရိုက်ဆိုးတွေအတွက်
တန်းစီကာ ဒိုက်ထိုးခဲ့ရတာ
အခန်းထဲအိပ်ပျော်လို့
(ဆရာက...)
အရမ်းပဲပိတ်အော်ခဲ့တာတွေ မှတ်မိပါသေး
တန်းစီခရာ မှုတ်လိုက်တော့
လမ်းမညီမညာမှာ ခလုတ်တိုက်မိခဲ့တာ
ညဘက်မှာ မနှပ်ဘဲ
ထလျက်သာဖိနပ်ပဲတိုက်ခဲ့ရတာတွေ မှတ်မိပါသေး
အခါအခါမရွေး အမြဲသတင်းမွှေးတဲ့
မကြာမကြာကျွေး ပဲဟင်းကလေးရယ်
အသည်းနုနုမှာ စွဲသွားလေတဲ့
ကြက်ဥနဲ့ အမဲသားတွေကိုလည်း မှတ်မိပါသေး
အိမ်လွမ်းစရာ တံဆိပ်ဟောင်း
စိန်ပန်းပြာ နိမိတ်ကောင်းတွေနဲ့
သေလာတံတိုင်းတစ်လျှောက်
နေကြာရိုင်းပေါက်ခဲ့တာတွေလည်း မှတ်မိပါသေး
...မှတ်မိပါသေး
...မှတ်မိပါသေး
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခံစဉ်ကပေါ့
သြော်...တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
ရွယ်ရည်မှန်းဆ ရက်တိုတို...

မှာတမ်း

ပျော်ရွှင်ရယ်မြူး
စနောက်ဖူးပြီး
စိတ်ကောက်တလှည့်
ချော့တလှည့်နှင့်
ဖြတ်သန်းခဲ့ကြ သုံးနှစ်တာကာလ
သို့သော်လည်းလေ
လူ့သဘာဝ လူလာကတွင်
တွေ့ကြုံခွဲခွာ ဓမ္မတာမို့
ကွဲကွာတစ်နေ့ ခွဲချိန်ရှိသော်
ပျော်ရွှင်မှတ်တရ
သုံးနှစ်တာကာလကို မေ့မသွားဘဲ
ရှိကြဖို့ရာ တောင်းဆိုလိုတယ်
သူငယ်ချင်းတို့ရေ....

ဆောင်းသဇင်

တော်ဝင်ရင်ခွင်

ငယ်စဉ်ဘ၀ လွဲမှားယူဆ
တမ်းတမှုများစွာဖြင့်
မည်သူ့ရင်ခွင် သာယာမည်ဟု
ရှာဖွေငြားလည်း
သာယာသယောင် ပူလောက်ရင်ခွင်
လောက်မြိုက်အချစ်သာ တွေ့ရှိမိခဲ့
သို့ပေသော်လည်း
ဆီမီးအလင်းတိုင် ထွန်းပေးခဲ့၍
ထင်ထင်ရှားရှား မြင်ခဲ့ရ၏
သိခဲ့ရ၏
ကြားခဲ့ရ၏
ထိုအရာကား
မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ
အားလုံးဆုံရာ သမုဒ္ဒရာကဲ့သို့
အအေးမြဆုံး အငြိမ်းချမ်းဆုံး
သားသမီးများအတွက် ရွှေပလ္လင်
မိဘရင်ခွင်သည်သာ
အလှဆုံး ၊ အသစ်လွင်ဆုံး ၊ အသန့်စင်ဆုံးဟု
နားလည်စေရန် မျှော်ရည်မှန်းလျက်............

လမ်းပြကြယ် နှင့် ကြယ်တာရာ

Thursday, July 9, 2009

လွမ်းသူကိုယ်စား


တစ်နှစ်ကူးပေမယ့်
မချစ်ဘူးသေးတာ ယုံပါ...ခင်
မယုံလျှင်
ပိတောက်ပင်ကို ခင်မေးကြည့်
ပွင့်ခက်ညှာ ရွှေရည်အပြည့်နဲ့
လွင့်တက်ကာ လေမှာမြူးချင်သော်လည်း
ပိတောက်ခမြာ
အထီးကျန်သူ မောင့်ကိုမြင်လို့
မဖူးချင် မပွင့်ချင် သူ့ အမူအရာနဲ့
လူတကာကို
ပူဆာကာ ဝေမျှပေးနေတဲ့
ရွှေဝါရောင် ပွင့်ဖတ်တွေကြားမျာ
လွမ်းဓါတ်တွေဖြည့်...

သင်ခန်းစာ


အတောင်မစုံခင်
အပျံသင်
အမြင့်မရောက်ခင်
လေဟုန်စီး
ခရီးမဆုံးခင်
ရပ်နား
တံလျှပ်မှာ
ရေသောက်ဖို့ကြိုးစားရင်းနဲ့
ထောင်ချောက်ကို
သတိမထားဘဲ
အရာရာလွဲမှားခဲ့တဲ့
ငှက်တစ်ကောင်ဟာ
နောက်ဆုံးမှာ
တောင်ပံကျိုးသွားခဲ့တယ်

ဖြေဆေး

ကျောခိုင်းစွန့်ခွာ
မကြင်နာလို့
တမင်တကာစမ်း
ရှောင်တိမ်းပြေးထွက်
မုန်းရက်သူရယ်...
မျက်ရည်စတွေနဲ့
ရက်တွေလကြာအောင်
လွမ်းနေရသူကို
မကြည်ဖြူတော့ရင်တောင်
ပျက်စီးကြေမွ
တစ်စစီကွဲ
အသည်းဒဏ်ရာ
ဝေဒနာတွေ
ဖြေသာဖို့အတွက်
ဆေးတစ်ခွက်လောက်ပေးခဲ့ပါ...

မုသားရောင်ကောင်မလေးသို့...တမ်းချင်း


သူနဲ့တွေ့စဉ် ဟိုယခင်က
မောင့်ကိုချစ်ရ ထာဝရဟု
နှုတ်မှတဖွဖွ ရွတ်ဆိုပြ၏
ဘ၀တစ်လျှောက် ရှေ့ဆက်လျှောက်လဲ
လက်တွဲကြင်ဖော် မြဲပျော်ပျော်ဟု
ဟန်ဆာင်စကား သူဆိုသွား၏
မောင့်မှာရှိထား ဥစ္စာများနှင့်
ပညာအရှိန်အ၀ါ မမက်ပါဟု
မျက်နှာချိုသွေး သူဆိုသေး၏
ခုတော့လည်း...မေ
ဘယ်ရောက်နေလဲ
မင်းသုံးစကား မုသားများနှင့်
ဟန်ဆောင်အပြုံး ဘယ်ဆီပုန်းသလဲ
မင်းရောက်လေရာ ဝေးတစ်နေရာမှာ
လူလည်းကျန်းမာ စိတ်ချမ်းသာလို့
တစ်ယောက်သောသူ ငါ့နောက်လူနဲ့
လက်တွဲဖြတ်သန်း ဘ၀လမ်းမှာ
မုန်တိုင်းတွေနဲ့ ဝေးပါစေ
(အချစ်...ရေ)
ပန်းရနံ့တွေနဲ့ မွှေးပါစေ...